Friday, October 01, 2010

Filled Under:

ရွေးကောက်ပွဲအထမမြောက်ဖို့ပြည်သူသာတတ်နိုင်

အာရ်အက်အေမှ အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်နေသည့် ဦးမင်းလွင်ဦး၏ ရွေးကောက်ပွဲ ဥပဒေ
နှင့်လူထုဆောင်းပါးအမှတ်စဉ်(၉)

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ၇ရက်နေ့မှာ ကျင်းပမဲ့၂၀၁၀ရွေးကောက်ပွဲမှာ မဲပေးခွင့်ကိုစစ်အစိုးရက ခွင့်ပြုလိုက်ပါပြီ။ ထောင်ဒဏ်ကျခံနေရသူများ အနေနဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ မဲဆန္ဒပေးပိုင်ခွင့်မရှိဘူးလို့ ရွေးကောက်ပွဲ
ဥပဒေမှာ အတိအကျ ပြဌာန်းထားပြီးဖြစ်ရက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒပေးဖို့ ခွင့်ပြုလိုက်တာဟာဘာကြောင့်ပါလဲ။

ဒီလိုမဲဆန္ဒ ပေးခွင့်ပြုလိုက်ရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကျခံနေရတာတွေကို တရားမ၀င်ဘူးလို့ပြောလိုက်တာလား၊ ငြိမ်းချမ်းရေးနိုဘယ်ဆု ရထားတဲ့သူတယောက်အနေနဲ့ မိမိရဲ့ဆန္ဒကိုထုတ်ဖေါ်ခွင့် မရတာကို နိုင်ငံတကာက ထုတ်ဖေါ်ဝေဖန်မှာ
စိုးလို့ ခွင့်ပြုလိုက်တာလား၊ ဒါမှမဟုတ် စစ်အစိုးရလက်ထက်မှာ ဥပဒေဆိုတာလိုရင်လိုသလို ကျင့်သုံးနိုင်တယ်လို့ ပြည်သူတွေကို အတိအလင်း ထုတ်ဖေါ်ပြောလိုက်တာလား။

တွေးမယ်ဆိုရင်တော့ အများကြီးပါ အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မဲမပေးလဲနေနိုင်တယ်ဆိုတဲ့ အခွင့်အရေးရှိကြောင်း ထုတ်ဖေါ်ပြောနေတဲ့ အချိန်မှာစစ်အစိုးရက မဲပေးနိုင်ခွင့်ရှိကြောင်း ခွင့်ပြုလိုက်တာဟနိုင်ငံတော်
စစ်အစိုးရက ကြီးမှူးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်
ဆိုတာကို မြန်မာပြည်သူတွေနဲ့နိုင်ငံတကာကို အကြောင်းပြဆင်ခြေပေးဖို့ လုပ်ဆောင်တာလား ဆိုတာကလဲ စဉ်းစားစရာပါ။

စစ်အစိုးရတက်လာပြီးကတဲက ပြည်သူတွေအကျိုးရှိစေမဲ့ ကိစ္စရပ်တွေတခုမှ လုပ်ဆောင်ခဲ့တာမတွေ့ရတဲ့အတွက် အကောင်းဖက်ကို ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာမဟုတ်ဖူးဆိုတာ ကတော့သေချာပါတယ်။ ထောင်ကျခံနေရသူဆိုတဲ့ စကားနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဥပဒေမှာ တရားရုံးတခုခုရဲ့ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူ စီရင်ချက်ကိုမကျေနပ်လို့ အယူခံမှု၊ ပြင်ဆင်မှုလျှောက်ထားတဲ့ ထောင်ဒဏ်ကျခံနေရဆဲ သူတွေလဲ ပါဝင်တယ်လို့ အဓိပါယ်ဖွင့်ဆိုထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုလိုက်ရင်ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြစ်ဒဏ်ကျအကျဉ်းသားတွေအားလုံး မဲပေးခွင့်ကို တပြေးညီခွင့်ပြုပေးရမှာပါ။

၂၀၁၀ ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီအတွေအနေနဲ့လဲ ခုဆိုရင်စစ်အစိုးရရဲ့သဘောကို ပိုလို့သိနေပါပြီ။ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးဖို့ ကိုတောင်မှ စစ်အစိုးရကခွင့်ပြုတဲ့စာသားတွေ ဟောပြောချက်တွေနဲ့စည်းရုံးရမယ်ဆိုမှတော့ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ဆိုတာလွှတ်တော်ထဲ မရောက်ခင်ကတဲကတွေ့နေမြင်နေရပြီ၊ ဒီလောက်ဆိုရင် လွှတ်တော်ထဲမှာ ဘာတွေလုပ်နိုင်မယ်ဆိုတာကို ခန့်မှန်းလို့ရနိုင်ပါပြီ။

နိုင်ငံရေးပါတီတွေကို၁၅ မိနစ်စာပြောဖို့အေဖိုး(၇)ရွက်ထက်မပိုပဲခွင့်ပြုနေတဲ့အချိန်မှာ ကြံ့ဖွံ့ပါတီအမည်နဲ့ ရွေးကောက်ပွဲဝင်မဲ့ အသွင်ပြောင်းဗိုလ်ချုပ်မှူးများကတော့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာနေ့စဉ် မျက်နှာဖုံးက အကန့်အသတ်မရှိပြောဆို ဆောင်ရွက်ခွင့်ရနေတာပါ။

လမ်းပိတ်ဆို့မှုမဖြစ်စေရဘူး၊ ကြွေးကြော်သံတွေ မအော်ဟစ် မကြွေးကြော်ရဘူးလို့ ဥပဒေမှာ အတိအလင်းဖေါ်ပြခဲ့ပေမဲ့၊ အောင်ပြီ၊အောင်ပြီလို့ ကြွေးကြော်ဆိုင်းဘုတ်တင်တဲ့ ကြံ့ဖွံ့ရဲ့ လုပ်ဆောင်ချက်ကိုကျန်တဲ့နိုင်ငံရေးပါတီတွေကဘာလို့မကန့်ကွက်ခဲ့တာလဲ၊ ရွေးကောက်ပွဲကော်မရှင်ကကော ဘာလို့အရေးမယူတာလဲ၊ဒီလိုဥပဒေကို အတိအလင်းကျူးလွန် ဖေါက်ဖျက်တာကိုတောင်မှ ရဲရဲတင်းတင်းမပြောဆိုနိုင်ဘူး၊

မပြောရဲဘူးဆိုမှတော့ ကြံ့ဖွံ့ပါတီက အနိုင်ရပြီးလွှတ်တော်ထဲမှာ အစိုးရလုပ်တဲ့အချိန်မှာ အတိုက်အခံပါတီတွေအနေနဲ့ ဘာများ ပြောနိုင်ကြမှာလဲဆိုတာကို ပြည်သူတွေကမေးခွန်းထုတ်ရမဲ့ အခြေအနေဖြစ်နေပါပြီ။ခုလဲ မိမိတို့ပါတီရဲ့မူဝါဒတွေနဲ့ အနာဂါတ်မြန်မာနိုင်ငံအတွက် ဘယ်လိုကောင်းအောင် ဆောင်ရွက်မယ်ဆိုတာကို လွတ်လွတ်လပ်လပ် မပြောဆိုနိုင်အောင် ပိတ်ပင်တားဆီးနေတာကို မကျေနပ်ပေမဲ့ ငြိမ်ခံပြီး ပြန်လည်ပြင်ဆင်ပေးနေရတယ်။

မိမိတို့ရဲ့ရပ်တည်ချက်ကိုမှ ပြည်သူတွေရှင်းရှင်းလင်းလင်း မသိရရင်ဘယ်ပြည်သူတွေက မိမိပါတီကိုမဲပေးမှာလဲစဉ်းစားပြီး လုပ်ဆောင်ကြဖို့လိုပါတယ်။ သဘောကတော့ ကြံ့ဖွံ့ပါတီထက်ကောင်းအောင် ဆောင်ရွက်နိုင်မဲ့ အနာဂါတ်
်မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေသိအောင် ထုတ်ဖေါ်မပြောနိုင်ရင်တောင်
့လက်ရှိစစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီနဲ့စစ်အစိုးရရဲ့ မဟာမိတ်ပါတီတွေက ကျန်တဲ့နိုင်ငံရေးပါတီတွေ အပေါ်မှာအနိုင်ရအောင် တရားမဲ့ပြုကျင့်မဲ့ သဘောဖြစ်နေပါပြီ။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နိုင်ငံတကာ ကတောင်းဆိုနေတာကို တုန့်ပြန်မဲ့နောက် နည်းလမ်းတခုရှိပါသေးတယ်။ အဲဒါကတော့ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို နိုင်ငံတော်အကြီးအကဲတွေက စိတ်ကောင်းစေတနာထားတယ်၊ စာနာနားလည် ခွင့်လွှတ်တယ်ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံတကာ ဖိအားပေးတာတွေ သက်သာအောင် အကျဉ်းသားတွေကို ပြစ်ဒဏ်တွေလျော့ပေးပြီး လွှတ်ပေးတယ်ဆိုတာမျိုးကို ဆောင်ရွက်လာနိုင်ပါသေးတယ်။

အဲဒီအထဲမှာ ကျန်းမာရေး ချို့ယွင်းပြီးအကျဉ်းထောင်ထဲမှာ အသက်ဆုံးသွားနိုင်တဲ့နိုင်ငံရေး အကျဉ်းသားအနည်းငယ်ပဲပါလာပြီးကျန်တာကတော့ ရာဇ၀တ်မှုတွေနဲ့ပြစ်ဒဏ်ကျခံနေရတဲ့သူတွေပါလာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကာလပြည့်မြောက်ဖို့ ဘာမှမလိုတော့တဲ့အချိန်မှာ စစ်အစိုးရကသဘောထား
ကြီးတယ်ဆိုတဲ့သဘောမျိုးနဲ့ လုပ်လာနိုင်ပါသေးတယ်။ ကြံ့ဖွံ့ပါတီကနေ ၂၀၁၀ရွေးကောက်ပွဲဝင်မဲ့ လက်ရှိဝန်ကြီးချုပ်ဦးသန်းစိန်ကတော့ လူမရှိတဲ့နေပြည်တော်မှာ ဆေးရုံဖွင့်ပွဲလုပ်ပြီးစည်းရုံးနေပါပြီ၊ အလားတူလက်ရှိနအဖ အတွင်းရေးမှူး
သီဟသူရ ဦးတင်အောင်မြင့်ဦးကလဲ ဆရာ၊ဆရာမတွေ ပညာရေးဝန်ထမ်းတွေကို ကြံ့ဖွံ့ကိုမဲမပေးရင် အနာဂါတ်မလှတဲ့
အကြောင်းခြိမ်းခြောက် ပြောဆိုမဲဆွယ်နေပါပြီ။

ကျန်တဲ့ဝန်ကြီးဌာနအသီးင်္သီးက ၀န်ကြီးတွေကလဲတခါမှမလုပ်ဖူးတဲ့ အလှူဒါနပြုမှုတွေနဲ့ အရှိန်မပျက် လုပ်ဆောင်နေပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့စစ်အစိုးရလက်ထက်မှာ ပြည်သူတွေအကြပ် အတည်းပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ငတ်မွတ်နေကြရတယ် ဆိုတာကိုအထူးပြောဖို့မလိုပါ။

စစ်အစိုးရရဲ့စေတနာကိုတော့ ပြည်သူတွေကောင်းကောင်းသိပြီးဖြစ်တယ်။ နောင်တက်လာမဲ့ အစိုးရဆိုတာကလဲ ကြံ့ဖွံ့ပါ
တီဝင် သူတို့ပဲပြန်ပြီး အုပ်ချုပ်အုံးမှာပါ။ အခုလိုတရားဝင်အစိုးရ မဖြစ်သေးတဲ့အချိန်မှာတောင် ဒီလောက်လက်စွမ်းထက်
နေရင် တရားဝင်အစိုးရအဖြစ် အုပ်ချုပ်ရမယ်ဆိုရင်တော့ ဘယ်အတိုင်းအတာထိ ဖြစ်လာမယ်ဆိုတာကို ပြည်သူတွေစဉ်း
စားကြပါ။

ဥပမာအားဖြင့်စက်တင်ဘာလ ၅ ရက်နေ့ကသမတကိုတိုက်ရိုက်ရွေးကောက်တင်မြှောက်သင့်၊ မသင့်ပြည်သူတွေရဲ့ သဘောထားကောက်ယူခဲ့တဲ့ မော်ဒိုဘာနိုင်ငံရဲ့ ဆန္ဒခံယူပွဲမှာမဲပေးတဲ့သူ အလွန်မှပင်နည်းပါးလှတဲ့အတွက် ဆန္ဒခံယူပွဲ အထမမြောက်ပဲ ပျက်ပြယ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့အရေးကို မြန်မာပြည်သူများကသာ အဆုံးအဖြတ်ပေးနိုင်တာပါ။ နိုင်ငံတကာက ဘာမှမတတ်နိုင်ပါဘူး၊ အိမ်နီးနားချင်းနိုင်ငံတွေကလဲ မြန်မာ့သယံဇာတကို ဈေးပေါပေါနဲ့ အချောင်ရဖို့အကွက်ချောင်းနေကြတဲ့ သူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့မဲဆန္ဒ မပေးပဲလဲ နေနိုင်တယ်ဆိုတာကို ပြောထားတာ
ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မဲပေးခွင့်ရခဲ့ရင်လဲ ဆန္ဒမဲပေးမှာမဟုတ်ပါဘူး။

တကယ်တန်း ဆုံးဖြတ်ရမှာက မြန်မာပြည်သူတွေဖြစ်တဲ့ အတွက်မှန်ကန်စွာစဉ်းစား ဆုံးဖြတ်ကြဖို့လိုကြောင်း တင်ပြလိုက် ရပါတယ်ခင်ဗျား။

အာရှလူ့အခွင့်အရေး ကော်မရှင်မှရှေ့နေဦးမင်းလွင်ဦး အာအက်ဖ်အေအတွက် ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment